Saturday, June 7, 2008

မြန်မာ ပြည်တွင်းတွင် ပထမ အကြိမ် လှူဒါန်းမှု ခရီးစဉ် နှင့် ရွာများဧ။် လက်ရှိ အခြေအနေမှတ်တမ်း

ရန်ကုန်မြို့ကို ဆိုက်ရောက်လာသော တန် ၄၀၊ ဆယ့်နှစ်ဘီး ကားကြီးသည် ဧရာဝတီ တိုင်းကို သွားဖို့ရန်မှာ တံတားများရဲ့ ၀န်တင်မှု ကန့်သတ် ချက်ကြောင့် ထို တံတားများကို မဖြတ်သန်းနိုင်တာကြောင့် ကားပေါ်က အလှူ ပစ္စည်း များကို ၁၄ပေရှည် Canter ကား ၂စီးနဲ့ ဆံ့အောင် ကျစ်လျစ်စွာ ထုပ်ပိုး တင်ဆောင်ပြီး ဇွန်လ ၂ရက် ၂၀၀၈၊ မနက် ၆နာရီ မှာ ရန်ကုန်မြို့မှ စတင် ထွက်ခွာ ခဲ့သည်။

ဘိုကလေးမြို့က ကျော်ဇံ ထေရ၀ါဒ စာသင်တိုက်ကို ရောက်ရောက်ချင်းပဲ ပစ္စည်းတွေကို ငှားထားတဲ့ စက်လှေပေါ် ချက်ချင်း တင်ပြီး လှူဒါန်းသူ အဖွဲ့အစည်းများ မရောက် သေးတဲ့ ရွာသုံးရွာထံကို လှူဖို့ သွားခဲ့ကြသည်။ ဇွန်လ ၃ရက်နေ့ မှာတော့ ရွာတွေ များများကို ရောက်နိုင်ဖို့ စေတနာ့ ၀န်ထမ်း အဖွဲ့ဟာ မနက်လေးနာရီ ကတည်းက ထပြီး ပြင်ဆင် ကြပါသည်။ အလှူပစ္စည်း အရေအတွက် သိပ်များတဲ့ အတွက် ပြင်ဆင်ရတာ သိပ်များ သောကြောင့် မနက် ၇ နာရီလောက်မှ စက်လှေ ထွက်နိုင်ခဲ့သည်။ လမ်းတစ်လျှောက်မှာ မိုး ရွာလွန်းသည့် အတွက် စေတနာ့ ၀န်ထမ်း များလဲ မိုးမိပြီး ရွှဲရွှဲစို နေပေမယ့် အားကြိုးမာန်တက် လှူဒါန်း ပေးခဲ့ကြ ပါသည်။





ရွာကြီးများတွင် စက်လှေရပ်ပြီး သေချာ လှူဒါန်း ဆေးကု ပေးရင်းနဲ့ လိုအပ်တဲ့ data များကိုလည်း သေချာ စနစ်တကျ ကောက်ပြီး လိုအပ်မည့် ပစ္စည်း စာရင်း၊ လိုအပ်မည့် နေရာ ရပ်ရွာ တို့ကို စေ့စပ်စွာ စာရင်း ပြုစု ထားတဲ့ အတိုင်း သွားရောက် လှူဒါန်း ခဲ့ကြ ပါသည်။ အချိန် မလောက်မှာ စိုးရိမ် ရတဲ့ အတွက် စက်လှေ သွားရာ လမ်း တလျှောက်က ရွာသိမ် ရွာငယ် လေး များတွင် အစား အစာနဲ့ ဆေးဝါး ပစ္စည်းများကို စက်လှေ ပေါ်ကနေ ချပေးရုံပဲ ပေးခဲ့ နိုင်ပါသည်။ စေတနာ့ ၀န်ထမ်း အုပ်စု သွားခဲ့သည့် ရွာများတွင် ကောက်ခံ ခဲ့သော အချက်အလက်များကို စုစည်းပြီး မုန်တိုင်းဒဏ်ခံ ရွာသူ ရွာသား တို့ရဲ့ လက်ရှိ အခြေ အနေနဲ့ လိုအပ်ချက် တို့ကို အလှူရှင် များနဲ့ စာရှုသူတို့ အားလုံး သိရှိ နားလည် နိုင်စေရန် ခုလို ကဏ္ဍ ခွဲပြီး တင်ပြ အပ်ပါသည်။



လက်ရှိနေထိုင်စား သောက်မှု
လက်ရှအခြေအနေမှာ မုန်တိုင်းဒဏ်ခံ ဒုက္ခသည် များသည် ပုဂ္ဂလိက အလှူရှင်များ၏ စေတနာကို မှီခို အားထား ပြီး နေထိုင် နေကြရ ပါသည်။ ရွာအချို့တွင် (အလောင်းများ ဒီရေနဲ့ အတူ စုန်ချည် ဆန်ချည် စီးမျော နေသော မြစ် ချောင်းနဲ့ ရိုးတလျှောက်တွင်) ငါးဖမ်း သော အလုပ်ကို လုပ်ကိုင် စားသောက် ကြရသော်လည်း တစ်ချို့ရွာများတွင် (ဆားငံရေ ၀င်ကုန်သည့်အတွက် ရှိသမျှ လယ်ယာ များကို စိုက်ပျိုး ရန်မှာ မဖြစ်နိုင်တော့သည့် အခြေအနေတွင်) ဘာမှ လုပ်ကိုင် စရာ မရှိတော့ သောကြောင့် ထောက်ပံ့ရေး များကိုသာ မျှော်လင့် နေကြရပါ သည်။ နေထိုင်စရာ အနေနဲ့ အောက်ဖော်ပြပါ ပုံများ အတိုင်း တဲလေးများ ထိုးပြီး နေကြသလို၊ UNICEF, WFP အစ ရှိသော အဖွဲ့အစည်း များနဲ့ ပုဂ္ဂလိက အလှူရှင် များက ပေးတဲ့ တာလာပတ် များကို အမိုးအကာ လုပ်ပြီး နေထိုင် ကြတာ တွေ့ရပါ သည်။ မုန်တိုင်း အပြီး ရွာ များတွင် ကံကောင်း ထောက်မစွာ အပျက်အစီး နည်းပါးစွာ ကျန်ခဲ့ သော အိမ်မျိုးမှာ စုဝေး နေထိုင် ကြသလို (အက်ဆစ် မိုးကြောင့် အုန်းတော၊ ဓနိတောများ လောင်ကျွမ်း ကုန် သော်လည်း ရှိစုမဲ့စု ) ကောင်းမွန်စွာ ကျန်ရှိ နေသော ဓနိပင် များကို အမိုးအကာ ပြုလုပ်ပြီး နေထိုင်ကြရပါသည်။



ရေရရှိမှု အခြေအနေ
ရွာများတွင် ရှေးယခင် မုန်တိုင်း မတိုက် မီက သောက်ရေကန်များ ရှိသော်လည်း မုန်တိုင်း ပြီးသော အချိန်မှ စပြီး ပင်လယ်ရေ လွှမ်းမိုးမှုကြောင့် အဆိုပါ သောက်ရေကန်များ အကုန် ပျက်စီးကာ အသုံးပြုလို့ မရတော့ သော အခြေအနေသို့ ဆိုက်ရောက်ခဲ့ရ ပါသည်။ အချို့ ရွာများတွင် သောက်ရေကန် များကို ပြန်လည် ပြုပြင်ပြီး Water Guard ရေသန့်ဆေး များ ထည့်ထားကြ သော်လည်း ရေသန့်ဆေးရော သောက်ရေကန် ပမာဏပါ လောက်ငမှု မရှိတာကို တွေ့ရပါသည်။ သောက်ရေ အခက် အခဲကို ရွာတိုင်းမှာ လိုလို ကြုံတွေ့ ရပြီး မိုးရွာ မှသာ (အက်ဆစ်မိုးရေ များလဲ ဖြစ်နိုင်ပါသည်။ သို့သော် အခြား သောက်စရာ ရေမရှိသည့်အတွက် သည် မိုးရေ ကို သာ သောက်ရေ အဖြစ်) ရေသောက် ရတဲ့ အခြေအနေကို ရောက်ရှိ နေပါသည်။ သောက်ရေ ကန်များကို ပြန် လည် သန့်စင် နိုင်သော ရွာအရေ အတွက်မှာ ရှားပါး လှပြီး ရွာတစ်ရွာ တွင်သာ စင်ကာပူရောက် မျိုးချစ် မြန်မာ များက သောက်ရေကန်ကို ပြန်လည် ပြုပြင် ပေးထား သည်ကို တွေ့ရှိ ခဲ့ရ ပါသည်။ မှတ်မှတ်ရရ "ငယ်သူ" အမည်ရှိ ရွာ တွင် ရေကန် တစ်ဝိုက်မှာ လူသေ အလောင်းများ အရိုးများ စုဝေး နေပြီး ကန်ရေ သည် ပုပ်စော် နံလျက် ရှိနေ သည်ကို တွေ့ခဲ့ရ ပါသည်။



ထောက်ပံ့ရေး ရရှိမှု အခြေအနေများ
ဘိုကလေးမြို့ တစ်ဝိုက်တွင် UN, WFP, နယ်စည်း မခြား ဆရာဝန်များ၊ မွန်မြတ် ကရုဏာ ရှင်များ အဖွဲ့က အဓိက ထောက်ပံ့ နေသည်ကို တွေ့ရပြီး ပုဂ္ဂလိက ထောက်ပံ့ရေး အဖွဲ့ များလည်း ရက်ခြားလောက် ရောက်နေ သည်ဟု သိရှိရပါသည် ။ ရွာတစ်ရွာလျှင် အများဆုံး ထောက်ပံ့ရေး အဖွဲ့ (၈) ဖွဲ့ခန့် ရောက်သော်လည်း တစ်ချို့ ရွာ များတွင် တစ်ဖွဲ့ နှစ်ဖွဲ့ ခန့်သာ ရောက်ပြီး ရတဲ့ ပမာဏ ဟာလည်း လောက်ငမှု မရှိဟု သိရှိရပါသည်။ အလှူပစ္စည်းများသာ လုံလောက်စွာ ရရှိခဲ့မည်ဆိုပါလျှင် ယခုလို လူတန်း ကြီးကို ရွာ များမှ အနည်းဆုံး ၃နာရီ ခရီး လာရသော သည်လို ကားလမ်းမ တွေဘေးမှာ သည်မျှလောက် များပြားသော လူတန်းရှည်ကြီးနှင့် လူအုပ်ကြီးတွေကို မြင်ကြရ မည် မဟုတ်ပေ။ အဓိက ရရှိသော ထောက်ပံ့ ပစ္စည်းများမှာ ဆန်၊ တာလပတ်၊ ခေါက်ဆွဲခြောက် စသော အရာများ ဖြစ်ပြီး Red Cross မှလည်း တခါတရံ လာရောက် ဆေးကုသ ပေးသည်ဟု ကြားသိရပါသည်။

ရွာသားများ၏ ကျန်းမာရေး အခြေအနေများ
အဓိက ဖြစ်သော ကျန်းမာရေး ချို့တဲ့မှုများမှာ ချောင်းဆိုးခြင်း၊ ရင်ကျပ်ခြင်း၊ ဒဏ်ရာ အနာ တရ ဖြစ်ခြင်း၊ ပွန်းပဲ့ ထိခိုက်ခြင်း များနဲ့ ဖျားနာခြင်း တို့ ဖြစ်ကြပါသည်။ အဖြစ်အများဆုံးမှာ ချောင်းဆိုးရောဂါ ဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းနှစ်ရပ်မှာ မုန်တိုင်းပြီးခါစ စားသောက်စရာမရှိစဉ် ကယ်ဆယ်ရေပစ္စည်းများ မရောက်စဉ်က အုန်းသီးဆံနှင့် အုန်းရည် များကိုသာ အဓိကအစာ အဖြစ် မှီခို စားသောက် ခဲ့ရသောကြောင့် လည်းကောင်း၊ အမိုးအကာ ပြည့်စုံစွာ မရှိဘဲ ဖြစ်သလို မိုးထဲ လေထဲတွင် နေထိုင် ခဲ့ရသည့် အတွက် အအေးမိ ရောဂါ ဖြစ်ပွား သောကြောင့် ဖြစ်ပါသည်။ ရွာများတွင် မိဘမဲ့ ကလေး နည်းပါးခြင်း၊ ကလေးများကို မတွေ့ရဘဲ လူကြီးများသာ တွေ့ရခြင်း တို့အား စုံစမ်း မေးမြန်း ခဲ့ရာ ကလေးများ မုန်တိုင်း နှင့် ဒီရေ အပြိုင် တိုက်ခတ် ချိန်တွင် အားလုံး နီးပါး သေဆုံး ကုန်သောကြောင့် ဖြစ်သည်ဟု သိရှိ ရပါသည်။ နောက်ထပ် အတွေ့ရ များသော ကျန်းမာရေး အခြေအနေမှာ အနာစို အနာပြဲ အကွက်လိုက် ကြီးများ ဖြစ်ပြီး အက်ဆစ်မိုး ကြောင့်လော၊ မုန်တိုင်းဒဏ်ကြောင့် တိမ်းမှောက် ခဲ့သော စစ်သင်္ဘော များမှ ထွက်လာသော ဓာတု ပစ္စည်း များကြောင့်လော၊ လူသေမျောရာက ပုပ်ဟောင် နေသော ရေများနှင့် ထိတွေ့ မိသောကြောင့်လော မသေချာကြောင်း သိရှိ ရပါသည်။




လက်ရှိနှင့် အနာဂတ်အတွက် အလုပ်အကိုင် အခြေအနေ
လက်ရှိ အခြေအနေ အရ တစ်ချို့ရွာများတွင် ဖား၊ ငါးများကို ရှာဖွေ စားသောက် ကြ သော်လည်း သည်လို ဖြေရှင်းနည်းနဲ့ အခြေအနေဟာ လတ်တလော ငတ်မွတ်မှုကို ဖြေရှင်း နိုင်ရုံသာ ရှိပြီး အဓိက ရေရှည်ရပ်တည်ရေးလုပ်ငန်းဖြစ်တဲ့ လယ်ယာ လုပ်ငန်းကို ပြန်လည် လုပ်ကိုင် နိုင်ခြင်း လုံးဝ မရှိ သေးပါ။အဓိက ပြဿနာမှာ ကျွဲ နွား များ သေဆုံးမှုနဲ့ မျိုးစပါးများ ရေစို ပျက်စီး ခြင်းကြောင့် ဖြစ်ပါသည်။

မုန်တိုင်းသင့် ရွာများ၏ ပညာရေး အခြေအနေများ
နအဖ စစ်အစိုးရဟာ မုန်တိုင်းသင့် ဒေသများ အတွက် ကျောင်းဖွင့်ရန် အချိန် တစ်လ တိတိ နောက်ဆုတ် ပေး ထား သော်လည်း စာသင်ကျောင်း အများစုမှာ လေဒဏ်ကြောင့် ပျက်စီး ပြိုလဲ လျက် ရှိပြီး တစ်လ အတွင်း ပြန် လည် ထူတောင်နိုင်ရန် မဖြစ်နိုင်သော အခြေအနေ တွင် တည်ရှိ နေပါသည်။ ကလေး သူငယ်များ သေဆုံးမှု များပြား ခြင်း၊ လက်ရှိ စားဝတ် နေရေးကို ဖြေရှင်း နိုင်ရန် မနိုင်မနင်း လုံးပန်း နေရခြင်းနှင့် ကျောင်းစရိတ် ကြီးမြင့်ခြင်း ပြဿနာ တို့ကြောင့် ကလေးများ ကျောင်းရိပ်သို့ ပြန်လည် ရောက်ရှိ နိုင်ရန် အလှမ်း ကွာဝေး လျက် ရှိနေ ပါသည်။

လက်ရှိ လိုအပ်ချက်များနှင့် အရေးပေါ် လိုအပ်ချက်များ
ရွာတိုင်း လူတိုင်းအတွက် မရှိမဖြစ် အရေးပေါ် လိုအပ်ချက်မှာ ဆန်နှင့် သောက်ရေ ဖြစ်ပါသည်။ နောက်ထပ် လိုအပ်ချက်များမှာ အမိုးအကာ၊ တာရှည်ခံ အစားအသောက် နှင့် ဖိနပ်များ ဖြစ်ပါသည်။ ဖိနပ်စီး ထားသော ဒုက္ခသည် မရှိသလောက် ဖြစ်နေသည်ကို တွေ့ရှိ ရပါသည်။ ထို့ကြောင့် ဒုက္ခသည် များ၏ ခြေထောက်မှာ သံစူးခြင်း၊ သံပြားရှခြင်း၊ ဆူးစူးခြင်းတို့ မကြာခဏ ခံစားရလေ့ ရှိသည့် အတွက် ဖိနပ်ကို မရှိမဖြစ် လိုအပ်သော အရာတစ်ခုအဖြစ် သတ်မှတ် ရပါသည်။ ထို့ကြောင့် အဓိက လိုအပ်ချက် များမှာ
(၁) ဆန်နဲ့ ပြန်လည် ထွန်ယက် စိုက်ပျိုးနိုင်ဖို့ ဆားငံရေ ဒဏ်ခံ မျိုးစပါး
(၂) သောက်ရေ
(၃)အမိုးအကာ
(၄)ဖိနပ်
(၅) တာရှည်ခံ အစားအစာနှင့် ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်.... စသည်တို့ ဖြစ်ပါသည်။




(ဆက်လက် ဖော်ပြ ပါဦးမည်)

No comments: